Arakan Times

  • Sun, 07 Jun 2015 13:02:53 +0000: မဟာမြတ်မုနိဘုရားမှာ ရွှေကပ်ခြင်းသည် ဘုရားကို ဖျက်ဆီးနေခြင်းသာဖြစ်ကြောင်း လူငယ်စာရေးဆရာ ဂျော်ဂျီပြောကြား - သတင်း

    ရခိုင်လူမျိုးများ အသက်ထက်တမျှ အမြတ်တနိုးတန်ဖိုးထားသော မဟာမြတ်မုနိဘုရားမှာ ရွှေကပ်ခြင်း ယဉ်ကျေးမှုသည် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု မဟုတ်ဘဲ ဖျက်ဆီးနေခြင်းနှင့်သာ တူနေကြောင်း ရခိုင်အမျိုးသား လူငယ်စားရေးဆရာလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သူ ကိုဂျော်ဂျီက ပြောကြားသည်။

    ဇွန်လ ၂ ရက်နေ့က ကျင်းပသည့် မြောက်ဦးမြို့မှ ရခိုင်အမျိုးသားနေ့ အခမ်းအနား၌ စာပေဟောပြောရာတွင် ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

    “ ရွှေကပ်တာဟာ ကျနော်တို့ ယဉ်ကျေးမှုမဟုတ်ပါ။ အရှေ့တိုင်းကလာတဲ့ ယဉ်ကျေးမှုပါ။ ကျနော်တို့ ရခိုင်သားတွေမှာ ရွှေကပ်တာဟာ နတ်ပင်မှာပဲ ကပ်ပါတယ်။ ဘုရားမှာရွှေကပ်တာဟာ ကျနော်တို့ ယဉ်ကျေးမှုမဟုတ်ပါ။ ဒါဟာ မုနိမြေသား တခုတည်းနဲ့ ဆိုင်တာမဟုတ်ပါ။ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တာပါ။ ဘုရားဟာ တော်တော် ပျက်စီးနေပါပြီ။ ရင်ဘက်တွေမှာ မို့မောက်လို့၊ လက်တွေမှာ မို့မောက်လို့၊ ခန္ဒာကိုယ်တွေမှာ အထုထုအထိပ်ထိပ်။ ဗိုက်နာလို့ ဗိုက်မှာကပ်တယ်၊ ခေါင်းကိုက်လို့ ခေါင်းမှာကိုက်တယ်၊ ရာထူးတက်ချင်လို့ လက်မောင်းတွေမှာ ကပ်တယ်။ ဒါဟာ အလုပ်ပါလား၊ ဘုရားကို ပူဇော်တာမှမဟုတ်ဘဲ ဖျက်ဆီးနေတာပဲ။ ” ဟု ပြောသည်

  • Mon, 01 Jun 2015 08:49:15 +0000: ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာမှာ ရွှံ့မီးတောင်ပေါက်ကွဲ - သတင်း

    ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွှာ တောင်ဘက် ၆ ဖာလုံအကွာတွင် ရွှံ့မီးတောင် (ဒေသအခေါ် အရက်သမားမီးတောင်) ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အဆိုပါ ရွှံ့မီးတောင်မှာ ယခု ငြိမ်သက်သွားပြီးဖြစ်ကြောင်း၊ ရွှံ့ရည်များမှာလည်း အနည်းငယ်သာ ထွက်ရှိခဲ့ကြောင်း၊ ရှောက်ချောင်းကျေးရွာ ဒေသခံများ မှာလည်း ထိခိုက်မှုများ မရှိခဲ့ကြောင်း ကျောက်ဖြူဒေသဖွံ့ဖြိုးရေး အထောက်အကူအပြုကော်မတီက သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဝင်းက ပြောကြားသည်။

    “ ဟုတ်ပါတယ်။ ရွှံ့မီးတောင်က သိပ်မပြင်းပါဘူး။ ရွှံ့ရည်တွေလည်း သိပ်မစီးဆင်းဘူး။ မီးခိုးထွက်ရုံလောက်ပါပဲ။ ဒါပေမယ့် ဒီဒေသမှာက အမြဲလိုလို ပေါက်ကွဲနေတာဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်ရပါတယ်။ ” ဟု ကိုကျော်ဝင်းက ပြောသည်။

    ယင်းရှောက်ချောင်းကျေးရွာ အနီးတ၀ိုက်တွင် ရွှံ့မီးတောင်များမှာ မကြာခဏပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ၃ နှစ်တခါ၊ ၄ နှစ်တခါ ဖြစ်ပွားပြီး ပြီးခဲ့သည့် နှစ်ကလည်း ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ရွှံ့ရည်များစီးဆင်းကာ ဒေသခံလယ်သမားများမှာ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကိုကျော်ဝင်းက ဆိုသည်။

    ယခု ပေါက်ကွဲသော ရွှံ့မီးတောင်ရှိရာသို့ သက်ဆိုင်က တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခြင်းမရှိကြောင်း၊ ယခင်နှစ်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများနှင့်ပတ်သက်ပြီး လျော်ကြေးတောင်းထားသော ကိစ္စနှင့်ပတ်သက်ပြီးလည်း သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

  • Sat, 30 May 2015 11:15:54 +0000: စစ်တွေမြို့တွင် ရေမြောင်းက အနံ့ဆိုးကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက် - သတင်း

    ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ရေမြောင်းများမှာ ရေများစီးဆင်းမှုမရှိဘဲ တင်ကျန်နေသောကြောင့် အနံ့ဆိုးများထွက်ကာ ဒေသခံများမှာ လေကောင်းလေသန့်မရရှိဘဲ ကျန်းမာရေးပါ ထိခိုက်နေကြကြောင်း သိရသည်။

    စစ်တွေမြို့တွင် ရေမြောင်းများကို အစိုးရ၏ စီမံချက်ဖြင့် ထူးဖော်ဆောင်ရွက်နေသော်လည်း ရေထွက်ရှိမည့် ပင်လယ်ဝတွင် ပိတ်ပြီးဆောင်ရွက်နေသော ကြောင့် မြို့ထဲရှိ ရေမြောင်းက ရေများစီးဆင်းမှုမရှိသည့်အတွက် ဒေသခံများမှာ အရမ်းအခက်အခဲ ရောက်နေကြခြင်းဖြစ်သည်။

    မိဇံရပ်ကွက်က မမိဖြူက “ ရေမြောင်းတွေကထွက်လာတဲ့ အနံ့တွေကို မခံနိုင်ဘူး။ ပုပ်နံ့ နံတော့ နေကောင်းနေတဲ့ သူတွေအတွက်ဆိုတော့ နည်းနည်းခံသာပါသေးတယ်။ နေမကောင်းဖြစ်နေကြတဲ့သူတွေ အတွက်ဆိုရင် မခံနိုင်ဘူး။ ကျမတို့ညီမငယ်ဆိုရင် အဲဒီအနံ့ဆိုတွေကြောင့် တခြားအိမ်ကို ပြောင်းရွှေ့ထားရတယ်။ အရင်နှစ်တွေကလည်း နံပါတယ်။ အခုနှစ်ကတော့ ပိုနံပါတယ်။ ပိုဆိုးပါတယ်။  ” ဟု ပြောသည်။

    ရေမြောင်းများတွင် ဒေသခံများက အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမရှိခြင်း၊ နေအိမ်များနှင့် ပုဇွန်ဒိုင်တို့က ထွက်ရှိလာသည့် ရေများကြောင့်နှင့် ရေမြောင်းများ အားလုံးမှာ ပိတ်မိနေပြီး ရေထွက်ရန် လမ်းကြောင်းမရှိသည့်အတွက် ယခုလို အနံ့ဆိုးများ ပိုထွက်ရှိလာခြင်းဖြစ်သည်ဟု မမိဖြူက ဆိုသည်။

    ယခုအစိုးရစီမံချက်ဖြင့် ဆောင်ရွက်နေသော ရေမြောင်းများ တူးဖော်ရှင်းလင်းမှုမှာ လာမည့် ဇွန်လ ဒုတိယအပတ်တွင် ပြီးစီးမည်ဖြစ်ကြောင် အလုပ်သမား ခေါင်းဆောင် ဦးမောင်မောင်ဦးက ပြောသည်။

    “ လုပ်တာကတော့ ရက်ပေါင်း ၂၅ လောက်ရှိပါပြီ။ ၆ လပိုင်း ၁၅ ရက်လောက်ဆိုရင် ပြီးလိမ့်မယ်လို့ ထင်တယ်။ ဒီအလုပ်ကိုတော့ ပြီးအောင်တော့ လုပ်ရမှာပဲလေ။ ဒီအခြေအနေမှာတော့ ပုပ်တာ၊ နံတာတော့ ရှိမှာပေါ့နော်။ ဘယ်လိုပဲကြာကြာ လုပ်ဖြစ်အောင်တော့ လုပ်သွားရမှာပဲလေ။ ” ဟု ပြောသည်။

    ယခုဆောင်ရွက်ချက်မှာ ပင်လယ်ထွက်ပေါက်ဖြစ်သည့် ဘီလူးမတံတား အနီးက ရေမြောင်းပိုင်းသာ ပြီးစီးမည်ဖြစ်ပြီး၊ မြို့ထဲရှိ ရေမြောင်းများမှာ မည့်သည့်အချိန် ပြီးစီးမည် မသိရသေးကြောင်း ဦးမောင်မောင်ဦးကဆိုသည်။

    ပြီးခဲ့သည့် အပတ်က မိုးရွာသွန်းခဲ့သောကြောင့် စစ်တွေမြို့ အချို့ရပ်ကွက်တွင် ရေများတင်ကျန်ခဲ့ပြီး ရေမြောင်းများမှာလည်း ပိတ်မိနေသည့်အတွက် ရေများလွယ်လွယ်ကူကူဖြင့် မဆင်းနိုင်ဘဲ ဒေသခံနေအိမ်များမှာ ရေနစ်မြှပ်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ရွာကြီးမြောက်ရပ်ကွက်က ကိုဝင်းမောင်က ပြောသည်။

    စစ်တွေမြို့ရှိ ရေမြောင်းများကို အမြန်ဆုံး တူးဖော်ရှင်းလင်းရေးများ လုပ်လိုကြောင်းနှင့် မိုးမရွာမီ အချိန်မီမပြီးစီးနိုင်ပါက ယခုထက် အနံဆိုးများ ပိုထွက်ရှိလာမည်ဖြစ်ပြီး ဒေသခံများမှာ အသက်အန္တရာယ်နှင့်ကြုံတွေ့ရနိုင်သည့် ကျန်းမာရေးထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

  • Tue, 26 May 2015 13:56:31 +0000: ရခိုင်ပြည်မှာ ပထမဆုံးအကြိမ် Miss Universe Sittwe 2015 အလှမယ်ရွေးချယ်ပွဲကြီး ကျင်းပမည် - သတင်း

    ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့တွင် ပထမဆုံးအကြိမ် Miss Universe Sittwe 2015 အလှမယ်ရွေးချယ်ပွဲကြီးနှင့် ရခိုင်ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲ ကျင်းပသွားမည်ဖြစ်ပြီး၊ ယင်းပွဲကို ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသွားဖြစ်ကြောင်း သိရသည်။

    Miss Universe Sittwe 2015 အလှမယ်ရွေးချယ်ပွဲကြီးသို့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ရခိုင်သမီးပျိုများပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ယခု လျှောက်လွှာ တင်သွင်းရန်ခေါ်ယူနေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သိရသည်။

    လျှောက်လွှာ ၅၀ ခေါ်ယူထားပြီး စင်္ကာတင် လူရွေးချယ်ပွဲကို ဇွန်လ ၁၇ ရက်နေ့တွင် ရွေးချယ်မည်ဖြစ်ပြီး လူ ၂၀ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် Miss Universe Sittwe 2015 အလှမယ်ရွေးချယ်ပွဲကြီးကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နေရာမှာ စစ်တွေတက္ကသိုလ်နှင့် ဦးဥတ္တမခန်းမတို့ကို ရွေးချယ်ထားပြီး အတိအကျမသိရေးဟုဆိုသည်။

    ယခုလို Miss Universe Sittwe 2015 အလှမယ်ရွေးချယ်ပွဲကြီး ကျင်းပရခြင်းမှာ ရခိုင်ပြည်နယ် ကိုယ်စားပြု တကြိမ်တခါမှ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် Miss Universe Myanmar 2015 ပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ မိတ်ကပ်အလှ ဖန်တီးရှင် ကိုကျော်ကျော်မိုးကပြောသည်။

    “ ကျနော်က အခုလိုလုပ်ဖို့ နဂိုကတည်းက စိတ်ပြင်းပြပါတယ်။ တိုင်းနဲ့ပြည်နယ် တိုင်းမှာရှိရဲ့သားနဲ့ ကျနော်တို့ ရခိုင်ပြည်နယ်လည်း အငယ်မဟုတ်ပါဘူး။ တော်တော်လည်းကို ကြီးပါတယ်။ အနုပညာအသိုင်းအ၀ိုင်းထဲမှာ ရခိုင်သားတွေ အများကြီးရှိပါတယ်။ ပဲခူးတို့၊ မြစ်ကြီးနားတို့၊ ကချင်ပြည်နယ်တို့တောင် ရွေးနိုင်ရဲ့သားနဲ့ ကျနော်တို့ ရခိုင်ပြည်နယ်က မရွေးနိုင်ဘူးလား၊ အဲဒီလို စိတ်ဓါတ်နဲ့ ကိုယ့်ပြည်နယ်က ထွက်ကိုထွက်ရဖို့ ဆိုတဲ့စိတ်နဲ့ ပြည်နယ် အစိုးရကို တင်ပြပြီးတော့ အခုလို ရခိုင်ပြည်နယ် ကိုယ်စားပြု Miss တစ်ယောက် ရွေးချယ်ဖို့ ဖြစ်လာတာပါ။ ” ဟု ပြောသည်။

    နောက်ဆုံးအဆင့် ရွေးချယ်ခံရသည့် စင်္ကာတင် လူ ၂၀ ကို ဇွန်လ ၂၅ ရက်နေ့ကစပြီး Super Star Model Agency မှ ဦးချိုကြီးနှင့်အတူ Model နည်းပြများက သင်ကြားပေးမည်ဖြစ်ပြီး၊ Miss Universe Sittwe 2015 အရွေးချယ်ခံရသူအနေဖြင့်လည်း Miss Universe Myanmar 2015 ပြိုင်ပွဲကြီးသို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း ကိုကျော်ကျော်မိုးက ပြောသည်။

    လက်ရှိမှာ လူ ၁၀ ဦး ရရှိထားပြီဖြစ်ပြီး၊ စိတ်ပါဝင်သော ရခိုင်သမီးပျိုများအနေဖြင့်လည်း လျှောက်လွှာတင်သွင်းနိုင်ပြီး လျှောက်ရမည့်လိမ်စာမှာ - အမှတ် ၁၀၀ ၊ ရွှေသာလမ်း၊ မိဇံရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ဖုန်း - ၀၉၂၆၃၂၈၅၆၃၃၊ ၀၉၅၃၀၁၂၅၄ နှင့် ၀၉၄၂၅၀၀၇၂၄၀ တို့ကို ဆက်သွယ်ပြီး လျှောက်လွှားများ တောင်းယူနိုင်ကြောင်း သိရသည်။

    အဆိုပွဲကို နိုင်ငံကျော် အနုပညာရှင်များနှင့် ရခိုင်အနုပညာရှင်များကလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ နောက်အဆုံးအဆင့် ရွေးချယ်မည့်သူကို Miss Universe Myanmar Organizer အဖွဲ့က တာဝန်ရှိသူတစ်ဦးနှင့် မိုးစက်ဝိုင်တို့က ရွေးချယ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုကျော်ကျော်မိုးက ပြောသည်။

    Miss Universe Sittwe 2015 ပြိုင်ပွဲကြီးအတွက် သတိထားရမည့် အချက်များ

    ပြိုင်ပွဲဝင်ရွေးချယ်ရာတွင် အောက်ပါအရည်အချင်းရှိသူများနှင့် အချက်အလက်ပြည့်စုံသူများကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။

    - အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်းရှိသူဖြစ်ရမည်။

    - မြန်မာအမျိုးသမီး (ရခိုင်အမျိုးသမီး) ဖြစ်ရမည်။

    - အိမ်ထောင်မရှိသူ အပျိုဖြစ်ရမည်။

    - အရပ် (၅) ပေ (၂) လက်မနှင့် အထက်ရှိသူဖြစ်ရမည်။

    -  Photo 4” x 6” Size မျက်နှာအနီးကပ်ပုံ (၁) ပုံ၊ ကိုယ်တပိုင်း (၁)ပုံနှင့် ကိုယ်လုံးပြည့်ပုံ (၁) ပုံ စုစုပေါင်း (၃) ပုံနှင့်အတူ ပွဲတွဲပေးပို့ရမည်။

    - မြန်မာနိုင်ငံသား မှတ်ပုံတင် မိတ္တူ (၁)စုံ၊ အိမ်ထောင်စု စာရင်းမိတ္တူ (၁) စုံပေးရမည်။

    - အင်္ဂလိပ်စကား အသင့်အတင့် ပြောဆိုနိုင်သူဖြစ်ရမည်။

    - ပညာအရည်အချင်း အနိမ့်ဆုံးအဆင့်အနေဖြင့် တက္ကသိုလ်ကျောင်းသူဖြစ်ရမည်။ (အထောက်အထားများအား ပူးတွဲတင်ပြရန်)

    - အကျင့် စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

    - အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာ (၁) စောင်ပါရမည်။

    (က) သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက အကြောင်းကြားဖိတ်ခေါ်မည်။

    (ခ) လူတွေ့စစ်ဆေးမည့်ရက်ကို ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။

    (ဂ) လျှောက်လွှာနောက်ဆုံးထားပို့ရမည့်ရက် ၁၅-၆-၂၀၁၅ ဖြစ်သည်။

  • Fri, 15 May 2015 16:15:39 +0000: ၀ါဘို တိုက်နယ်ဆေးရုံမဖွင့်လှစ်နိုင်သေး - သတင်း

    စစ်တွေမြို့နယ်၊ ၀ါဘိုကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် တိုက်နယ်ဆေးရုံကို ယခုအချိန်ထိ စတင် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

    အဆိုပါ တိုက်နယ်ဆေးရုံကို ၀ါဘိုကျေးရွာ အနီးတ၀ိုက်မှာ ရှိသည့် တောကန်၊ ကြံတော၊ ကံကော်ကျွန်းနဲ့ စပါးထား စသော ကျေးရွာပေါင်း ၁၂ ရွာတွင် နေထိုင်သူ လူဦးရေ တစ်သောင်းခန့်၏ ကျန်းမာရေး ကုသစောင့်ရှောက်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ယူဆ၍ ၂၀၁၀ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်ထိ လည်ပတ်နိုင်ခြင်း မရှိသေးသည်မှာ ကျေးရွာသူ၊ ရွာသားများအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ဒေသခံ ဦးလှမောင်က ပြောသည်။

    “ စစ်တွေမြို့နယ်နဲ့ အလှမ်းဝေးတယ်။ ဒီမှာ ဆေးရုံတစ်ခု လိုအပ်တယ်လို့ အားလုံးက အခိုင်အမာ ဆုံးဖြတ်ချက်အရ အစိုးရက တိုက်နယ်ဆေးရုံကို ဆောက်လုပ်ပေးတယ်။ ပြီးတာ ကြာနေပြီ။ ခုချိန်ထိ လည်ပတ်နိုင်မှု မရှိသေးဘူး။ မဖွင့်လှစ်သေးဘူး။ ကျန်းမာရေး ကုသစောင့်ရှောက်မှု အရေးပေါ် ခံယူဖို့ လိုအပ်တဲ့အခါ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အသက်ဆုံးရှုံးသွားရသူတွေလည်း ရှိခဲ့ပြီးပြီ။ ဒါတွေကို ဖာထေးနိုင်ဖို့ ဒီဆေးရုံကို အမြန်ဆုံး ဖွင့်လှစ်ပေးစေလိုပါတယ်။ ”

    အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ၀ါဘို ကျေးလက် ကျန်းမာရေးဌာန ကြီးကြပ် - ၂ ဦးဘသိန်းဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် အခွင့်မရှိကြောင်း အကြောင်းပြကာ ငြင်းဆိုခဲ့သည်။

    ၀ါဘို တိုက်နယ် ဆေးရုံမှာ ၃၂ ကုတင် ဆံ့ ဖြစ်ပြီး ဆောက်လုပ်မှုမှာ ခိုင်ခံမှု မရှိသည့်အတွက် အချိန်တိုအတွင်း ပျက်စီးယိုယွင်းမှုများ ဖြစ်လာပြီး ထိန်းသိမ်းမှုအားနည်းသည့်အတွက် ပိုမို ပျက်စီးလာမည်ဆိုပါက ဒေသအနေဖြင့်သာ နစ်နာမည်ဖြစ်ပြီး ဆေးရုံဖွင့်လှစ်ရန် အစီအစဉ် ပျက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး အစိုးရအနေဖြင့် မဖြစ်မနေ ဂရုပြုရန် လိုအပ်ကြောင်း ကျေးရွာ ဒေသခံများက ပြောသည်။

     

SUBSCRIBE TO NEWSLETTER
Latest Myanmar News
Sign up & receive Latest Myanmar News! straight to your mailbox!?
Turpis dis amet adipiscing hac montes odio ac velit? Porta, non rhoncus vut, vel, et adipiscing magna pulvinar adipiscing est adipiscing urna. Dignissim rhoncus scelerisque pulvinar?
CONTACT US
Thank You. We will contact you as soon as possible.